Scholar Institute မှ အကြီးတန်းသင်တန်းဆရာ ကိုပြည့်စုံနှင့်တွေ့ဆုံမေးမြန်းခြင်း

Training17.10.2017
FNF Myanmar

ကိုပြည့်စုံဟာ Scholar Institute မှ အကြီးတန်းသင်တန်းဆရာ တစ်ဦးဖြစ်ပါတယ်။ STEP Democracy Project နဲ့အတူ ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းတို့ရဲ့ ဝေးလံတဲ့နေရာတွေမှာ မဲဆန္ဒရှင်နဲ့ နိုင်ငံသားအသိပညာပေး သင်တန်းပေါင်း ၅၀ ကျော်ကို ပေးခဲ့ပြီးဖြစ်ပါတယ်။သူ့ရဲ့ စိတ်အား ထက်သန်မှု၊ အနစ်နာခံမှုတို့ကသူ့ကို ပိုအရည်အချင်းရှိတဲ့သင်တန်းဆရာတယောက် ဖြစ်စေခဲ့တယ်။ သူပေးတဲ့ သင်တန်းတွေကြောင့် ဝေးလံတဲ့ ဒေသတွေကသူတွေများစွာ အသိပညာတွေရကြပြီး၊ အတွေးခေါ်တွေကို ပြောင်းလဲစေခဲ့ပါတယ်။ ဒီသင်တန်းတွေကို ဘယ်လိုပေးခဲ့ပြီး၊ ဘယ်လိုသက်ရောက်မှုတွေ ဖြစ်စေခဲ့တယ်ဆိုတာကို ကိုပြည့်စုံကို တွေ့ဆုံပြီး မေးမြန်းခဲ့ပါတယ်။

FNF Myanmar

၁) သင်တန်းဆရာတယောက်အနေနဲ့ မိမိအလုပ်နဲ့ပက်သက်ပြီး ဘာကိုအကြိုက်ဆုံးလဲ။

သင်တန်းဆရာတစ်ယောက်အနေနဲ့ အလုပ်နဲ့ပတ်သက်ပြီး အကြိုက်ဆုံးကတော့ ကိုသိထားတဲ့လေ့လာထားတဲ့ အရာတွေကို မသိသေးတဲ့သူတွေကို နည်းစနစ်မျိုးစုံနဲ့ပြန်လည်မျှဝေရတာကိုအကြိုက်ဆုံးပါ။ သင်တန်းတွေ ပေးခြင်းအားဖြင့် ကိုယ်တိုင်ကလဲသင်တန်းသားတွေဆီကမတူညီတဲ့ တွေးခေါ်မှုအသစ်တွေကိုလဲရရှိစေတယ်။

၂) ဒီလို “Public Participation for Democracy” သင်တန်းမျိုးဟာ လက်ရှိနိုင်ငံ အကူးပြောင်းကာလအတွက် ဘာကြောင့်အရေးကြီးသလဲ။

ဒီလိုသင်တန်းဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအကူးအပြောင်းကာလမှာ တကယ့်ကိုအရေးပါ ပါတယ်။ ဒီမိုကရေစီ စနစ်ဆိုတာ ပြည်သူတွေကနေအခြေတည်တာ ဖြစ်တဲ့အတွက် ပြည်သူလူထုရဲ့ဒီမိုကရေစီအလေ့အထတွေကို သိရှိမှုနဲ့ လက်တွေ့ကျင့်သုံးနိုင်မှုက အကူးပြောင်းကာလကိုပိုမိုလွယ်ကူစေနိုင်ပါတယ်။ ဒါ့အပြင် စီမံခန့်ခွဲသူ အစိုးရအပေါ် နည်းစနစ်မှန်ကန်တဲ့ထောက်ပြဝေဖန်မှုတွေပြည်သူလူထုကလုပ်ဆောင်လာနိုင်မယ်၊ ပူးပေါင်း ပါဝင်လာနိုင်မယ်။ ဒီမိုကရေစီဖြစ်စဉ်ကြီးတစ်ခုလုံးမှာ ပြည်သူလူထုရဲ့ပူးပေါင်းပါဝင်ခြင်းဖြင့် နိုင်ငံရဲ့ကောင်းမွန်တဲ့ ပြောင်းလဲမှုကို အလျင်အမြန်သွားနိုင်မှာပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီကျင့်သုံးစနိုင်ငံမှာ ပြည်သူလူထုကို ဒီမိုကရေစီအလေ့အထနှင့် မှန်ကန်တဲ့ပူးပေါင်းပါဝင်မှုဆိုင်ရာ အသိပညာပေးလုပ်ငန်းတွေလုပ်ခြင်းဟာ အလွန်ကိုအရေးကြီးပါတယ်။

၃) ဒီသင်တန်းတွေအားဖြင့် လာတက်ကြတဲ့ သင်တန်းသားတွေရဲ့ အတွေးအမြင်တွေ ဘယ်လိုပြောင်းလဲလာသလဲ။

သင်တန်းတွေပေးတဲ့အခါ ဒေသအသီးသီးနယ်ပယ်အသီးသီးက သင်တန်းသားတွေစီမှာ တွေ့ရလေ့ရှိတဲ့ အရာတစ်ခုက ဒီမိုကရေနိုင်ငံဖြစ်နေပြီ ပြောချင်တာပြောလို့ရတယ်၊ လုပ်ချင်တာလုပ်လို့ရတယ် ဘယ်သူ့မှ ဂရုစိုက်ဖို့မလိုဘူးဆိုတဲ့အမြင်တွေအပြင်၊ ဒီမိုကရေစီအစိုးရတက်လာတဲ့အခါ သူတို့ရဲ့နေ့စဉ်ဘဝတွေဟာ နေ့ချင်းညချင်းပြောင်းလဲသွားတော့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေရှိတာတွေ့ရပါတယ်။ တချို့သော သင်တန်းသားတွေမှာ မြန်မာနိုင်ငံရဲ့ပညာရေးစနစ်ကို ရက်ပေါင်း(၃၀) နဲ့ ပြောင်းလဲနိုင်တယ်ဆိုတဲ့ အယူအစတွေတောင်တွေ့ရပါတယ်။ ပြည်သူလူထုရဲ မျှော်လင့်ချက်ကြီးမားမှုနဲ့ ဒီမိုကရေစီစနစ်မှာလုပ်ချင်တာ လုပ်လို့ရတယ်ဆိုတဲ့ သဘောထားထင်မြင်ချက်ဟာ အကူအပြောင်းကာလမှာ အခက်ခဲများစွာကို ဖြစ်ပေါ်စေနိုင်တယ်လို့ ထင်မြင်မိပါတယ်။

ကျွန်တော်သင်တန်းပေးတဲ့အခါ ဒီမိုကရေစီသဘောတရားတွေနဲ့ လက်တွေ့ကျင့်သုံးရမည့်အချက်တွေကို အပြန်အလှန်ဆွေးနွေးခြင်းအားဖြင့် သင်တန်းသားတွေရဲ့ အမြင်လွဲမှားမှုတွေကို တည့်မတ်စေတဲ့အပြင် အချိန်တိုအတွင်းပြောင်းလဲနိုင်မယ်ဆိုတဲ့ မျှော်မှန်းချက်ချက်တွေကို လျှော့ချနိုင်ခဲ့တယ်။ အနည်းဆုံးတော့ မိမိတို့မိသားစုဝင်ချင်းကြားမှာ အပေးအယူအလျှော့အတင်းနဲ့ တစ်ဦးရဲ့အမြင်ကို တစ်ဦးက တန်ဖိုးထားတဲ့အလေ့အကျင့်လေးတွေကစပြီး ပြောင်းလဲလာကြတယ်။ အိမ်တွင်းဒီမိုကရေစီအလေ့အထတွေကနေတဆင့်စတင်လာတယ်လို့ဆိုရမယ်။

၄)  အများအားဖြင့်ဒီသင်တန်းတွေကို ဝေးလံခေါင်ပါးတဲ့ ကျေးလက်ဒေသတွေမှာလုပ်ရတဲ့အခါမှာ အဓိကကြုံရတဲ့ စိန်ခေါ်မှုတွေကို ဝေမျှပေးပါဦး။

ဝေးလံခေါင်ပါးတဲ့ ဒေသတွေမှာ သင်တန်းပေးတဲ့အခါ ကြုံရတဲ့အခက်ခဲတွေကတော့အများကြီးရှိပါတယ်။ သင်တန်းစီစဉ်ရတဲ့အခက်ခဲတွေထက် သင်တန်းပေးတဲ့အခါတွေ့ရတဲ့အခက်ခဲတွေကိုပဲ ပြောမယ်ဆိုရင်တော့ သင်တန်းသားတွေရဲ့သင်တန်းအပါ်စိတ်ပါဝင်စားမှုအားနည်းခြင်းပါပဲ။ ဒီလိုသင်တန်းတွေဟာ အရေးကြီးပေမဲ့ ဝေးလံခေါင်ပါးတဲ့ဒေသကသူတွေအဖို့ သူတို့ရဲ့နေ့စဉ်လက်တွေ့ဘဝနဲ့ မနီးစပ်တဲ့အခါ စိတ်ဝင်စားမှုနည်းလေ့ ရှိပါတယ်။

ဒီလိုအခြေအနေတွေမှာ သူတို့ရဲ့လက်တွေ့ဘဝနဲ့နီးစပ်တဲ့ ဥပမာတွေ သင်ကြားမှုပုံစံတွေကို စဉ်းစားရပါတယ်။ နိုင်ငံတော်ရဲ့ဆုံးဖြတ်ချက်တွေနဲ့ မူဝါဒတွေဟာ နိုင်ငံသားအားလုံးပေါ်မှာ နေ့စဉ် နဲ့အမျှ သက်ရောက်မှုတွေရှိတာကြောင့် ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝပြောင်းလဲတိုးတက်မှုများအတွက် ဒီမိုကရေစီဖြစ်စဉ်မှာ ပါဝင်ဆောင်ရွက်ပြီး ဖန်တီးယူရမယ်ဆိုတာကို နားလည်သဘောပေါက်အောင် ရှင်းလင်းရပါတယ်။

၅)  ဒီလို မဲဆန္ဒရှင်နဲ့ နိုင်ငံသားပညာပေးသင်တန်းတွေကို ကိုယ်တိုင်ပေးလာတဲ့ အခါမှာ ဆရာ့အနေနဲ့ အကြီးမားဆုံးအောင်မြင်မှု/ရလဒ်တစ်ခုကိုပြောရမယ်ဆိုရင် ဘာဖြစ်မလဲ။ ဆရာ့အာရုံထဲမှာ မှတ်မှတ်ရရစွဲနေတဲ့ အဖြစ်အပျက်ကလေးတွေရှိလား။

သင်တန်းတွေပေးတဲ့အခါ မှတ်မှတ်ရရရှိနေတဲ့အရာတွေကတော့ အများကြီးရှိခဲ့ပါတယ်။ မှတ်မှတ်ရရထဲက တစ်ခုကိုပြောရရင်တော့ သင်တန်းတစ်ခုပေးအပြီးမှာ သင်တန်းသားထဲက အသက် ၆၀ ဝန်းကျင်အရွယ် အဒေါ်တစ်ယောက်က ရွာထဲကသူမရဲ့အိမ်ကို အလည်ခေါ်ခဲ့တယ်။ အိမ်ရောက်တဲ့အခါ သူမရဲ့အဖေဆိုသူရဲ့ ပုံတူပန်းချီကားကို ထုတ်ပြပြီး သူမငယ်စဉ်က ကြုံတွေ့ခဲ့ဖူးတဲ့ ရွေးကောက်ပွဲအကြောင်းကို ပြန်ပြောပြခဲ့တယ်။ သူတို့ငယ်စဉ်အခါက ရွေးကောက်ပွဲမှာ ဆန္ဒမဲထည့်ဖူးကြောင်း မဲထည့်ရပေမဲ့ အဖေ့ကိုကြောက်ရတာကြောင့် အဖေထည့်ခိုင်းတဲ့ပါတီကိုသာ ဆန္ဒမပါပဲမဲထည့်ခဲ့ရကြောင်းစသဖြင့်ပြောပြတယ်။

အခုဒီလိုသင်တန်း မတက်ခင်အထိ ငယ်ငယ်တုန်းက ကြုံခဲ့ရသလို မိမိနှစ်သက်ရာကို မဲထည့်ဖို့ရာမှာ စိုးရိမ်စိတ်များရှိနေခဲ့ကြောင်း၊ အခုသင်တန်းတက်လိုက်တဲ့အခါ ရှင်းရှင်းလင်းလင်းသိသွားပြီဖြစ်တဲ့အတွက် ဘယ်သူ့ကိုမှမကြောက်တော့ပဲ မိမိရဲ့သဘောထားဆန္ဒအတိုင်းရဲရဲဝံ့ဝံ့မဲသွားပေးမည့်အကြောင်းတွေကို ပြောပြခဲ့တယ်။ ရွာထဲမှာလဲ သူ့လိုလူတွေရှိနေသေးတဲ့အတွက် နောက်တစ်ပတ် ရွာကအလှူပွဲမှာ တစ်ရွာလုံးလာမှာဖြစ်တဲ့အတွက် အလှူမှာ သင်တန်းနောက်တစ်ခေါက်ပေးစေချင်ကြောင်း လှိုက်လှိုက်လှဲလှဲတောင်းဆိုခဲ့တယ်။ ဒီအဖြစ်အပျက်ကတော့ မှတ်မှတ်ထင်ထင်ရှိခဲ့တဲ့ အရာတွေထဲက တစ်ခုပါ။